ကျွန်ုပ်တို့၏မူဝါဒများ

ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၏ မူဝါဒ သဘောထား

  • ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီသည် မြန်မာပြည်ထောင်စုသူ ပြည်ထောင်စုသား များအား ဒီမိုကရေစီ အခွင့်အရေး အပြည့်အဝ ခံစားရရှိနိုင်ရန်နှင့် ဒီမိုကရေစီ ထွန်းကား သော ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ပေးမည်။
  •  ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတွင် (၁၉၆၂) ခုနှစ်မှစ၍ (၂၀၀၉) ခုနှစ်အထိ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ကွယ်ပျောက်ခဲ့ရပါသည်။ ဒီမိုကရေစီဟု ဆိုခြင်း၌ နိုင်ငံတွင် အချုပ်အခြာ အာဏာသည် ပြည်သူလူထု၌တည်၍ အာဏာဟူသမျှ လူထုထံမှ ဆင်းသက်ရသောစနစ်ကို ဆိုလိုပါသည်။
  • ပြည်သူလူထုသည် ဒီမိုကရေစီနှင့် ကင်းကွာရသည့်အတွက် လူ့အခွင့်အရေးများ ဆုံးရှုံးရသည်။ လွတ်လပ်မှု ကင်းမဲ့သော စိတ်၏ဆင်းရဲခြင်းဒုက္ခ၊ ခေတ်မမီ ရုပ်ဝတ္တု မပြည့်စုံသော ကိုယ်၏ဆင်းရဲခြင်းဒုက္ခ ကြုံတွေ့ရပါသည်။
  •  ပြည်သူတို့သည် မိမိတို့ ဒုက္ခအပေါင်းမှ လွတ်မြောက်ရေးအတွက် ဒီမိုကရေစီကို တမ်းတမ်းတတ မျှော်လင့်နေကြသည်။ ထိုအခြေအနေကို အသုံးချ၍ အမြတ်ထုတ် လိုသော အဓမ္မဝါဒီတို့က ဒီမိုကရေစီဆိုသည့် စကားလုံး၌ အမြီးတပ်ပေးကာ ပြည်သူတို့ကို လှည့်စားကြပါသည်။ လမ်းညွှန်ဒီမိုကရေစီ၊ ဒီမိုကရေစီသစ် အစရှိသည့် အမည်များဖြင့် ပြည်သူတို့ကို နဖားကြိုးထိုး၍ လိုရာသို့ ဆွဲခေါ်တတ်ကြပါသည်။
  • ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက ယုံကြည်သော ဒီမိုကရေစီစနစ်တွင် လွတ်လပ် ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကား ကျင့်သုံးနိုင်ရေး၊ နိုင်ငံရေး လွတ်လပ်မှု၊ စီးပွားရေး လွတ်လပ်မှု၊ တရားစီရင်ရေးတွင် လွတ်လပ်မှု၊ လွတ်လပ်စွာ တွေးတောကြံဆနိုင်မှု၊ လွတ်လပ်စွာ ဟောပြောစည်းရုံးနိုင်မှု စသည့် လွတ်လပ်မှု အခြေခံ အခွင့်အရေးများကို ပြည်သူတို့ အပြည့်အဝ ခံစားနိုင်ကြရန် ဖြစ်သည်။

အမျိုးသားအချင်းချင်း ပြန်လည်ရင်ကြားစေ့ရေး

  • အမျိုးသားအချင်းချင်း ပြန်လည်ရင်ကြားစေ့ရေးမူသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက်အခြာ ကျပါသည်။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား ညီညွတ်ရေးကို အမှန်တကယ် ကျေးဇူးပြုနိုင်သဖြင့် ထိုမူကို “ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီ” က အလေးအနက်ထား၍ အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက် မည်။
  • ယနေ့ကာလသည် ခေတ်စနစ်သစ်ဖြစ်သော ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ဆီသို့ အကူးအပြောင်းကာလဖြစ်သည်။ တစ်မျိုးသားလုံးအတွက် မဖြစ်မနေ ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်ကြီးများလည်းရှိသည်။ ထိုလုပ်ငန်းများ အောင်မြင်ထမြောက်စေရန် အေးချမ်းသာယာသော အခြေအနေနှင့် အမျိုးသားချင်း ပြန်လည်ရင်ကြားစေ့နိုင်ရေး အတွက်လည်း အခြေအနေ ဖန်တီးပေးရန် လိုအပ်သည်။ ယင်းလိုအပ်ချက်အရ အတိတ်၏ အနိဠာရုံများကို ပြန်မလှည့်ဘဲ အနာဂတ်ခေတ်သစ်သို့ ရှေ့ရှုခြင်းဖြင့် နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေး လမ်းကြောင်းသို့သာ ဦးတည်ကြရပေမည်။
  • တစ်မျိုးသားလုံး အေးအတူပူအမျှ အတူတကွ လက်တွဲဆောင်ရွက်နိုင်ကြရေး အတွက် မိမိတို့သည် တစ်နိုင်ငံတည်းသားများ ဖြစ်ကြသည်ဟူသော မိသားစုစိတ်ဓါတ် များ ထားရှိရန် လိုအပ်ပေသည်။

တိုင်းရင်းသား လူနည်းစုများအရေး

  • ပင်လုံညီလာခံအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်ခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ခဲ့ပါသည်။ ၎င်းနောက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲနိုင်ရန် ပြည်သူလူထုကြီးက (ဖ-ဆ-ပ-လ) အဖွဲ့ချုပ်ကြီးအား တခဲနက် ဆန္ဒမဲပေး ရွေးကောက်တင်မြှောက် ခဲ့ကြပါသည်။
  • (၁၉၄၇) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လွှတ်တော်မှ ရေးဆွဲသည့် အခါ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကြပ်မတ်ရေးဆွဲခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း သည် တိုင်းရင်းသားအားလုံးအပေါ် စေတနာ ထပ်တူထားကြောင်း သံသယရှိရန် မလိုပါ။
  •  ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ထိုစဉ်က နိုင်ငံခေါင်းဆောင်များ ရွေးချယ်လိုက် သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ လူနည်းစုများလည်း ကျေနပ်စေ၊ ထိရောက် သော နိုင်ငံအုပ်ချုပ်ရေးလည်း ဖြစ်စေသည့် အသွင်သဏ္ဍာန်အားဖြင့် ပြည်ထောင်စု၊ အနှစ်သာရအားဖြင့် တစ်ပြည်ထောင်စနစ် ဖြစ်ပါသည်။
  • သို့သော်လည်း လွတ်လပ်ရေးနှင့်အတူ ပါတီဂိုဏ်းဂဏဝါဒ၊ လူမျိုးရေးဂိုဏ်းဂဏ ဝါဒ အစွဲများကြောင့် အချင်းချင်း စိတ်ဝမ်းများ ကွဲကြရသည်။ ပြည်ထောင်စု နိုင်ငံကြီး သည်လည်း ကမ္ဘာ့အဆင့်အတန်းမီ ဖြစ်မလာဘဲ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ရသည်။ ထိုအကျိုးဆက်ကြောင့် ပြည်ထောင်စုကြီးကို ချစ်သည့်စိတ်၊ တိုင်းရင်းသားအချင်းချင်း ညီညွတ်သောစိတ်များ ပျက်ပြယ်ရလေသည်။
  • မည်သို့ဆိုစေ၊ တိုင်းပြည်အခြေအနေသည်လည်း ပြောင်းလဲလာသည်ဖြစ်၍ တရားသေ အယူအဆများကို ဆုပ်ကိုင်မထားသင့်တော့ဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအသစ် ရေးဆွဲရန် အခွင့်အလမ်း ပေါ်လာသည့်အခါ ပြည်ထောင်စုသူ၊ ပြည်ထောင်စုသားအများ သဘောတူ လက်ခံသည့် အုပ်ချုပ်ရေးစနစ်ကို နိုင်ငံရေး နည်းအားဖြင့် စုပေါင်းအဖြေရှာသင့်ပါသည်။

လူထုလူတန်းစား အဖွဲ့အစည်းများ

  •  ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ လူထုလူတန်းစား အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ စသည်ဖြင့် ဖွဲ့စည်းထူထောင်ခွင့် ရှိစေရမည်။ သို့သော် ယခင်နိုင်ငံရေး ပါတီများ၏ လက်အောက်ခံ လူထုလူတန်းစား အဖွဲ့အစည်း အချင်းချင်း နိုင်ငံရေးပါတီ များ ကွဲပြားမှုကြောင့် ပဋိပက္ခ ဖြစ်ခဲ့ကြသော အစဉ်အလာဆိုးမျိုး မပေါ်ပေါက်စေရန်

(က) သီးခြားလွတ်လပ်သော အလုပ်သမား အစည်းအရုံး၊
(ခ) သီးခြားလွတ်လက်သော တောင်သူလယ်သမား အစည်းအရုံး၊
(ဂ) စက်မှုလုပ်ငန်းရှင်များအဖွဲ့၊
(ဃ) ဌာနဆိုင်ရာ ဝန်ထမ်းအဖွဲ့များ၊
(င) ကျောင်းသားသမဂ္ဂ

စသည်တို့ကို ဖွဲ့စည်းထူထောင်ရမည်။ ဤအဖွဲ့အစည်းများသည် ပါတီနိုင်ငံရေး မစွက်ဖက်၊ လူထုလူတန်းစား အကျိုးအတွက်သာ ဆောင်ရွက်ရမည်။ အစိုးရက ကူညီ ထောက်ပံ့ရမည်။

စီးပွားရေး

  • စီးပွားရေးကဏ္ဍတွင် လွတ်လပ်သော ဈေးကွက်စီးပွားရေး၊ ပုဂ္ဂလိက ကုန်ပစ္စည်း ထုတ်လုပ်ရေး၊ ပုဂ္ဂလိကနှင့် နိုင်ငံခြား ဖက်စပ်လုပ်ငန်းများ၊ ပုဂ္ဂလိက – အစိုးရ ဖက်စပ် လုပ်ငန်များ၊ ပုဂ္ဂလိက – အစိုးရနှင့် နိုင်ငံခြား ဖက်စပ်လုပ်ငန်း၊ အစိုးရအချင်းချင်း ဖက်စပ်လုပ်ငန်း၊ သမဝါယမလုပ်ငန်း၊ အစိုးရမှ တာဝန်ယူရသော စီးပွားရေးကဏ္ဍဟူ၍ အသီးသီးရှိမည်။
  • လောလောဆယ် ရေတိုလုပ်ငန်းများအဖြစ် –
    (က) အခြေခံ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရေးကို ဦးစားပေး လုပ်ငန်းအဖြစ် အားပေးမည်။
    (ခ) လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေး အခြေခံပေါ်တွင် မူတည်၍ အလုပ်အကိုင် များ ပေါ်ထွန်းစေမည့် လုပ်ငန်းများကိုလည်း အားပေးမည်။
    (ဂ) တင်ရှိနေသော နိုင်ငံခြားကြွေးမြီများ လျော့ပေါ့စေရေး၊ နိုင်ငံခြား အကူအညီ နှင့် ကြွေးမြီများ ရရှိစေရေးအတွက် ကြိုးပမ်းမည်။
    (ဃ) လူသုံးကုန် ပစ္စည်းထုတ်လုပ်မှုနှင့် အလုပ်အကိုင် ပေါ်ထွန်းစေမည့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတို့ကို ဖိတ်ခေါ်မည်။ ယင်းလုပ်ငန်းများ အမြန်အကောင် အထည် ပေါ်စေရန် အခွန်အကောက် လျှော့ပေါ့မှု စသည့် အထူးအခွင့် အရေးများပေးမည်။
    (င) ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများကို တွန်းအားပေးနိုင်ရန်၊ လက်ရှိအုပ်ချုပ် မှုများ ဖြစ်စေသည့် ဥပဒေ အကန့်အသတ်များကို အမြန်ဆုံး ပြန်လည် သုံးသပ်၍ လိုအပ်သလို ပြင်ဆင်ဆောင်ရွက်စေမည်။
    (စ) နိုင်ငံခြား ထုတ်ကုန်ပစ္စည်း အမျိုးအစား မျိုးစုံထုတ်လုပ်နိုင်ရေး၊ နိုင်ငံခြား ထုတ်ကုန်လုပ်ငန်းများ တိုးတက်များပြားစေရေးအတွက် အစိုးရက လိုအပ် သမျှ ကူညီပံ့ပိုးပေးမည်။
  •  ကုန်သွယ်ရေးနှင့် ကုန်စည်ဖြန့်ဖြူးခြင်း လုပ်ငန်းများကို အစိုးရက ပါဝင်စွက်ဖက် ခြင်းမရှိစေဘဲ လက်ရှိအစိုးရက ချုပ်ကိုင်ထားသည့် ကုန်သွယ်ရေးနှင့် ကုန်စည်ဖြန့် ဖြူးရေး လုပ်ငန်းများကို ပုဂ္ဂလိကပိုင်းသို့ အမြန်ဆုံး လွှဲပြောင်းပေးစေမည်။ ပုဂ္ဂလိက ပိုင်းမှ တာဝန်မယူနိုင်သော အများပြည်သူ အသုံးပြုလုပ်ငန်းများ၌သာ အစိုးရက ပါဝင်ဆောင်ရွက်မည်။
  • စွမ်းအင်နှင့် လောင်စာထုတ်လုပ်မှု၊ ကြည်း – ရေ – လေ ဆက်သွယ်ပို့ဆောင်မှု စသည့် ရင်းနှီးမြှပ်မှု လုပ်ငန်းပမာဏ ကြီးမားသော လုပ်ငန်းကြီးမျိုးတွင် အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်လုပ်ငန်း၊ အစိုးရနှင့် နိုင်ငံခြား ဖက်စပ်လုပ်ငန်းအဖြစ် ဆောင်ရွက် မည်။ ယင်းလုပ်ငန်းကြီးမျိုးတွင်ပင်လျှင် စီမံခန့်ခွဲရေးမှအစ ထုတ်လုပ်ရေးနှင့် ကုန်သွယ် ရေး၊ ဖြန့်ချိရေး အပိုင်းတို့တွင် အစိုးရက တိုက်ရိုက်ပါဝင်သည်ထက် ကျွမ်းကျင်သူများ ကိုသာ ဦးစီးပါဝင်စေမည်။
  • လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးလည်းဖြစ်၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် လည်း အထောက်အပံ့ဖြစ်၊ နိုင်ငံခြား ပို့ကုန်တိုးတက်ရေးအတွက်လည်း အထောက်အပံ့ ဖြစ်၊ အလုပ်အကိုင် တိုးပွားစေရေး လုပ်ငန်းလည်း ဖြစ်စေမည့် လုပ်ငန်းများကို ဦးစားပေး လုပ်ငန်းများအဖြစ် အစွမ်းကုန် ကူညီပံ့ပိုးပေးမည်။
  • ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသည် နိုင်ငံတကာတွင် သာမန်စီးပွားရေး လုပ်ငန်း မျှသာ မဟုတ်တော့ဘဲ စီးပွားရေး လုပ်ငန်းကြီး ဖြစ်နေပေပြီ။ သို့ကြောင့် ယင်းကဏ္ဍ ကိုလည်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်။ ခရီးသွားလာမှု လွယ်ကူမြန်ဆန် ချောမွေ့စေရေး၊ အချိန်ကြာ ကုန်ကျစရိတ် များပြားသည့် ဟိုတယ် ကြီးများ တည်ဆောက်ခြင်းအပြင် ကုန်ကျစရိတ် သက်သာလျင်မြန်စွာ ပြီးစီး၍ ဈေးသက်သာသည့် တည်းခိုခန်းများ တည်ဆောက်ရေးကိုလည်း ဦးတည်မည်။
  • ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းကို နိုင်ငံပိုင် သိမ်းပိုက်မည်မဟုတ်။ တရားဝင် ထုတ်ဝေသုံးစွဲနေသော ငွေကြေးကိုလည်း တရားဝင်အဖြစ်မှ ရပ်စဲမည် မဟုတ်ကြောင်း အာမခံချက်ပေးမည်။
  •  နိုင်ငံတော် ဘက်စုံတိုးတက် ဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေး၊ အတတ် ပညာ နည်းပညာများ ရရှိရေး၊ ခေတ်မီစက်မှုနိုင်ငံအဖြစ် တက်လှမ်းနိုင်ရေးတို့အတွက် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများကို ဖိတ်ခေါ်အားပေးမည်။ ယင်းအတွက် ဆွဲဆောင်နိုင်စေ မည့် အခွင့်အရေးများလည်း သတ်မှတ်ပေးမည်။

လောင်စာဆီမူဝါဒ

  • ပြည်ထောင်စုမြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်ပြီး သဘာဝဓါတ်ငွေ့၊ လောင်စာဆီ၊ ကျောက်မီးသွေးအပြင် ရေအားလေအားဖြင့် လျှပ်စစ် ထုတ်ယူနိုင်သည့် သဘာဝစွမ်းအင် ပေါများသော နိုင်ငံဖြစ်ပါသည်။ နိုင်ငံသားတိုင်း လိုအပ်သော လောင်စာစွမ်းအင် ရရှိရန် ဆောင်ရွက်ပေးမည်။ စွမ်းအင်လောင်စာမှနေ၍ အမျိုးသားဝင်ငွေ အမြောက်အများ ရရှိနိုင်မည် ဖြစ်သော်လည်း ဘုံးပေါလအော ထုတ်လုပ်တင်ပို့ ရောင်းချခြင်း မဖြစ်စေဘဲ အမျိုးသားစွမ်းအင် လောင်စာမူဝါဒ ချမှတ်ပြီး သဘာဝ အရင်းအမြစ်များကို စနစ်တကျဖြင့် မဟာဗျူဟာကျကျ စီမံကိန်းချ ထုတ်လုပ် ရောင်းချနိုင်စေရန် စီမံဆောင်ရွက်မည်။
  • မီးသွေးနှင့်ထင်းကို လောင်စာအဖြစ် ပြည်သူအများ အသုံးပြုနေခြင်းမှ အတတ် နိုင်ဆုံး လျှော့ချနိုင်စေရန် စီမံဆောင်ရွက်မည် ဖြစ်သကဲ့သို့ မြစ်ချောင်းများကို တားဆီး ပိတ်ဆို့ပြီး ရေအားလျှပ်စစ် ထုတ်လုပ်သော စီမံကိန်းများကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး၊ လူနေမှု ပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် အကျိုးအမြတ် ဖြစ်၊ မဖြစ်ကို လွတ်လပ်သော အသိပညာရှင် အဖွဲ့အစည်းများ၏ လေ့လာသုတေသန ပြုချက်များ အပေါ်တွင် မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။ အမျိုးသားလောင်စာ ဆီမူဝါဒကို နိုင်ငံတော် အမျိုးသားလုံခြုံရေး မူဝါဒအဖြစ် ခံယူရေးဆွဲမည်ဖြစ်သည်။

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ

  •  ကမ္ဘာကြီး ပူနွေးလာခြင်း၊ ရေကြီးရေလျှံခြင်း စသော မိုးလေဝသ ဖေါက်ပြန်ခြင်း နှင့် သဘာဝဘေးအန္တရာယ်များ ထူပြောလာခြင်းသည် သဘာဝ ပတ်ဝန်းကျင်နှင့် ကမ္ဘာ မြေကြီးကို စနစ်တကျ အသုံးချတတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ပြည်သူလူထု လက်ခံ လာစေရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူချမှတ်ပြီး ပညာပေး ဆောင်ရွက်မည်။ မြန်မာ ပြည်ထောင်စုသည် တောတောင်ချောင်းမြောင်းများ၊ သစ်တောများ ပေါများသည့်အပြင် လူဦးရေ၏ (၇၀) ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် မှီတင်းနေထိုင်ကြသော တောင်သူလယ်သမား ဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက်မှီခို လုပ်ကိုင်စားသောက်သူ ပိုမိုများပြားပါသည်။
  •  သစ်တောပြုန်းတီးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ချောင်းမြောင်းများ သောင်ထွန်းခြင်း၊ ရေစီးကမ်းပြိုခြင်း စသော အရာများသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်ပေါ် စေပြီး၊ ယင်းဆိုးကျိုးများသည် ပြည်သူများ၏ နိစ္စဓူဝ လူမှုဘဝ စားဝတ်နေရေးနှင့် လုပ်ငန်းကိုင်ငန်းများကို တိုက်ရိုက်ထိခိုက်စေနိုင်သဖြင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက် မှုများသည် ပြည်သူများ၏ ဧည့်ခန်း၊ အိပ်ခန်းနှင့် မီးဖိုချောင်များမှ ပြဿနာများနှင့် တိုက်ရိုက်ဆက်စပ်နေသည်ကို အများပြည်သူ လက်ခံလာစေရန် ဆောင်ရွက်မည်။
  •  စာတွေ့လေ့လာသုံးသပ်ချက်များကို လူထုလက်တွေ့ဘဝ အစိတ်အပိုင်းအဖြစ် လက်ခံကျင့်သုံးလာစေရန် ပညာပေး ဆောင်ရွက်မည်။ သစ်တောများခုတ်လှဲခြင်း၊ တာတမံများ တည်ဆောက်ခြင်း၊ မြို့သစ်ရွာသစ်များ တည်ဆောက်ခြင်း၊ သဘာဝ တွင်းထွက်ပစ္စည်းများ တူးဖေါ်ခြင်း၊ စက်ရုံအလုပ်ရုံများမှ စွန့်ပစ်ရေများ ဖောက်ချခြင်းနှင့် ဓါတုဗေဒပစ္စည်း ပါဝင်သော ဓါတ်မြေသြဇာ အသုံးပြုခြင်းတို့တွင် အမျိုးသားအကျိုး စီးပွားကို ရေရှည်တည်တံ့နိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ သတ်မှတ်ချက်များနှင့်အညီ စက်ရုံအလုပ်ရုံများကို ကြီးကြပ်ထိန်းသိမ်းသွားမည်။

ပညာရေးမူဝါဒ

  •  “ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ” သည် ရေရှည်တည်တံ့ခိုင်မြဲခြင်းရှိသည့် ပညာရေးစနစ်ကို ဦးတည်ပြီး စီမံကိန်းများ ချမှတ်ဆောင်ရွက်မည်။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ခေတ်နှင့်အမီ ရင်ဘောင်တန်း ရပ်တည်နိုင်ရေး အတွက် နိုင်ငံခြားပညာသင်များ ပိုမိုစေလွှတ်ခြင်း၊ နိုင်ငံတကာမှ ကျွမ်းကျင်သည့် ပညာရှင်များကိုလည်း ဖိတ်ခေါ်လေ့ကျင့်စေခြင်းတို့ကို ပြုလုပ်မည်။
  •  နိုင်ငံတကာ ပညာရေးစနစ်နှင့် ရင်ဘောင်တန်းနိုင်အောင် တက္ကသိုလ်၊ ကောလိပ်နှင့် စိုက်ပျိုးရေး၊ စက်မှုလက်မှုကျောင်းများကို ပြုပြင်မွမ်းမံ တိုးချဲ့ဆောင်ရွက် မည်။ တိုးတက်ပြောင်းလဲနေသော ကမ္ဘာ့အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ပြည်ထောင်စုမြန်မာနိုင်ငံသားများကို နိုင်ငံတကာ လုပ်ငန်းခွင်တွင် ဝင်ရောက်ယှဉ်ပြိုင် သင်ကြားလေ့ကျင့်စေမည်။ ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးပြီး နိုင်ငံတကာ လူသားအရင်းအမြစ် ဈေးကွက်တွင် မြန်မာလုပ်သားများ ဝင်ရောက်ထိုးဖောက်နိုင်စေ ရန်အတွက် နည်းပညာနှင့် အတတ်ပညာများ သင်ကြားပေးခြင်းအားဖြင့် အစဉ်သဖြင့် မွမ်းမံပေးမည်။

ကျန်းမာရေးမူဝါဒ

  • ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်ကို ခေတ်နှင့်လျော်ညီစွာ နိုင်ငံ တကာအဆင့်သို့ ရောက်အောင်တည်ဆောက်မည်။ လူတိုင်း အခမဲ့ဆေးဝါးကုသခွင့်ကို ရှေရှုဦးတည်ပြီး၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖေါ်မည်။ ပြည်သူ့ကျန်းမာရေး ကို အနောက်တိုင်း ဆေးပညာနည်း၊ တိုင်းရင်းဆေးပညာနည်းတို့ဖြင့် ပေါင်းစပ် အကောင်အထည်ဖေါ်မည်။
  • ဆေးကုသရေး၊ ကာကွယ်ရေးနှင့် ပညာပေးလုပ်ငန်းများကို ဟန်ချက်ညီစေရန် အမျိုးသား ကျန်းမာရေးမူများ ချမှတ်ပြီး ပြည်သူ့ကျန်းမာရေးစနစ်ဖြင့် ကျေးလက်ဒေသ၊ နယ်စပ်ဒေသနှင့် တောင်တန်းဒေသများပါမကျန် ကျန်းမာရေး စောင့်ရှောက်မှု ရစေရန် ဆောင်ရွက်မည်။ အေအိုင်ဒီအက်(စ်)၊ ငှက်ဖျား၊ အဆုပ်ရောင် တီဘီရောဂါနှင့် နူနာ ရောဂါအပြင် ကိုဗစ်(၁၉)ရောဂါများ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများကို အစိုးရ၊ ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အမျိုးသား ကျန်းမာရေး လုပ်ငန်းအဖြစ် ကာကွယ်တိုက်ဖျက်သွားမည်။
  • အခြေခံပညာအဆင့် ကျောင်းသင်ခန်းစာများတွင် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို ထည့်သွင်းပို့ချသွားပြီး ရုပ်သံ၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်နှင့် အင်တာနက် နည်းပညာများကို အသုံးပြု၍ လူထုကျန်းမာရေး ပညာပေး လုပ်ငန်းများကို ဆောင်ရွက်မည်။

လူမှုစောင့်ရှောက်ရေးမူဝါဒ

  • ပြည်ထောင်စု မြန်မာနိုင်ငံသား အားလုံးသည် နိုင်ငံတော်အစိုးရနှင့် မြန်မာ့လူမှု အသိုက်အဝိုင်း၏ ကာကွယ်စောင့်ရှောက်ခွင့်ကို တပြေးညီ ရရှိခံစားသင့်သည်ဟု “ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ” က လက်ခံယုံကြည်သည်။ အထူးသဖြင့် ကလေး သူငယ်များနှင့် သက်ကြီးရွယ်အိုများသည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အထူးကာကွယ် စောင့်ရှောက်ခွင့်ကို ရရှိခံစားထိုက်သူများဖြစ်သည်။ မသန်စွမ်းသူများ၊ ဒုက္ခိတများ၊ မမာမကျန်း ဖြစ်နေသူများ၊ ရောဂါသည် လူနာများကို အနည်းဆုံး အခမဲ့ ကုသကာကွယ် စောင့်ရှောက်မှု ခံစားခွင့်များ ရရှိစေရန် စီမံဆောင်ရွက်မည်။ ခိုကိုးရာမဲ့၊ အိုးအိမ်မဲ့ ဒုက္ခသည်များကိုလည်း ယာယီအစားအသောက်နှင့် နေထိုင်တည်းခိုစရာ အိမ်ရာများကို ဈေးနှုန်းသက်သာစွာ နေထိုင်နိုင်ရေးအတွက် အမျိုးသားလူမှုစောင့် ရှောက်ရေး စီမံချက်အောက်တွင် အိမ်ရာများကို ဖန်တီးပေးမည်။ စစ်မှုထမ်းဟောင်း များနှင့် ပင်စင်စား သက်ကြီးရွယ်အိုများအတွက် လူမှုအာမခံချက်များ ရရှိစေရန်နှင့် သက်တောင့်သက်သာဖြင့် အနားယူ နေထိုင်နိုင်ရန် စီမံဆောင်ရွက်ပေးမည်။

တောင်သူလယ်သမားရေး

  • ကိုယ်တိုင်လယ်လုပ်သူများ အပါအဝင် အခြားမြေဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူများအတွက် လယ်ယာမြေ အပါအဝင် ပုဂ္ဂလိက မြေယာပိုင်ဆိုင်ခွင့် ရှိစေရ မည်။ ပိုင်ဆိုင်ခွင့် ရှိသည်နှင့်အညီ ပြောင်းလွှဲခွင့်၊ အမွေပေးခွင့်၊ ရောင်းချပေါင်နှံခွင့် စသည့် အခွင့်အရေးတို့လည်း ရှိစေရမည်။
  • လယ်ယာမြေလုပ်ငန်းအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်နှင့် အထွက်တိုး မျိုးစပါးရရှိရေး၊ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ကြိတ်ခွဲရေးအပါအဝင် လယ်ယာမြေ ပြုပြင်ထိန်းသိမ်းရေးအတွက် လိုအပ်သော ပံ့ပိုးမှုများကို စိုက်ပျိုးရေးဘဏ်များ တိုးတက် ဖွင့်လှစ်၍ စိုက်ပျိုးစရိတ်ငွေ ထုတ်ချေးခြင်းနည်းအရသော်လည်းကောင်း၊ နိုင်ငံတော်မှ လည်း နိုင်ငံတော်၏ ငွေကြေးအခြေအနေအရသော်လည်းကောင်း ပံ့ပိုးကူညီမည်။
  • လယ်ယာမြေနှင့် စိုက်ပျိုးရေးတွင် ဆန်စပါးနှင့် စက်မှုကုန်ကြမ်း ထုတ်လုပ်မှု အတွက် စီမံကိန်းချနည်းဖြင့် အဓမ္မကျင့်သုံးခြင်း မပြုဘဲ၊ ပြည်တွင်းပြည်ပ ဈေးနှုန်း အတက်အကျနှင့် နိုင်ငံခြားဝင်ငွေလည်း ပိုမိုရရှိစေမည့် သီးနှံများကို စိတ်ကြိုက်စိုက်ပျိုး နိုင်ရန် အားပေးကူညီမည်။
  • ပုဂ္ဂလိက စက်မှုလယ်ယာနှင့် နှစ်ရှည်သီးပင်စားပင်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် မြေလွတ်မြေရိုင်းများ တိုးချဲ့ဖေါ်ထုတ်ခြင်း ခွင့်ပြုမည်။
  • လယ်ယာမြေမှ စိုက်ပျိုးထုတ်လုပ်သော ဆန်စပါးနှင့် အခြားသီးနှံမျိုးစုံတို့ကို လွတ်လပ်စွာ စိုက်ပျိုးခွင့်၊ သိုလှောင်ကြိတ်ခွဲခွင့်၊ သယ်ယူပို့ဆောင်ခွင့်၊ ရောင်းချခွင့်များ ရရှိစေရမည်။
  • ခေတ်မီစိုက်ပျိုးရေး၊ လယ်ယာမြေထုတ်ကုန် တိုးတက်ရေးတို့အတွက် ခေတ်မီ နည်းပညာ တိုးတက်စေရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်း လိုက်နိုင်စေရန် ခေတ်မီ စိုက်ပျိုးရေး နည်းပညာများကို ရယူမည်။ ကမ္ဘာ့ကုလသမဂ္ဂ အထူးအေဂျင်စီများ အကူအညီဖြင့်သော်လည်းကောင်း၊ အခြားနည်းအားဖြင့်သော်လည်းကောင်း၊ တောင်သူ လယ်သမားများအား ပံ့ပိုးကူညီမည်။
  • လယ်ယာမြေကဏ္ဍတွင် ထုတ်လုပ်မှုကို အဟန့်အတား ဖြစ်စေသော ဒီမိုကရေစီ ကျင့်စဉ်နှင့် ဆန့်ကျင်သော လယ်ယာမြေ ဥပဒေများကို ပြန်လည်သုံးသပ်မည်။ ပယ်ဖျက်သင့်သည်များကို ပယ်ဖျက်မည်။ ပြင်ဆင်သင့်သည်များကို ပြင်ဆင်မည်။
  • တောင်သူလယ်သမားများ အနေနှင့် ဒီမိုကရေစီ ကျင့်စဉ်အရ မိမိတို့ အခွင့်အရေးကို ကာကွယ်ပိုင်ခွင့်၊ မိမိတို့ လူနေမှုဘဝ တိုးတက်မြင့်မားရေး၊ အကျိုးတူ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တောင်သူလယ်သမား အစည်း အရုံးကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်ခွင့် ရှိစေရမည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် တပ်မတော်ကဏ္ဍ

  • နိုင်ငံတော်ဟု တည်ထောင်ဖွဲ့စည်းသည်နှင့် တပြိုင်နက် နိုင်ငံတော်ကာကွယ်ရေး အတွက် တပ်မတော် ထူထောင်ဖွဲ့စည်းတည်ရှိရေးသည် မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ်သည်။
  • ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုသမိုင်း အစဉ်အလာအရ တပ်မတော်ကဏ္ဍသည် ထူးခြားစွာ ပါဝင်ခဲ့သည်။ ထိုထူးခြားသော သမိုင်း အစဉ်အလာကို ဆက်လက်ထိန်းသိမ်းရန် အထူးလိုအပ်ပေသည်။
  • ပြည်သူတို့၏ သားကောင်းရတနာများဖြင့် ပါဝင်ဖွဲ့စည်းထားသော တပ်မတော် သည် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အန္တရာယ်အသွယ်သွယ်တို့ကို ကာကွယ်သော ပြည်သူ့တပ်မတော်၊ မျိုးချစ်တပ်မတော်အဖြစ် အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းသော တပ်မတော် ဖြစ်စေရမည်။
  • မြန်မာနိုင်ငံတော်၏ လိုအပ်ချက်၊ နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေနှင့်အညီ ကျစ်လစ်ခိုင်မာ၍ ခေတ်မီတိုးတက်သော စစ်စွမ်းရည်၊ တိုက်ခိုက်ရေး စွမ်းရည်မြင့်မား သော ခေတ်မီတိုးတက်သည့် တပ်မတော် ဖြစ်စေရမည်။
  • နိုင်ငံတော် တိုးတက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်း များတွင်လည်း တပ်မတော်သည် ပြည်သူတို့နှင့်အတူတကွ လက်တွဲပူးပေါင်းဆောင် ရွက်သင့်သည်။
  • ဒီမိုကရေစီနှင့် ဖက်ဒရယ် အခွင့်အရေးများကို စည်းကမ်းနည်းလမ်းတကျ ခံစားရပိုင်ခွင့်၊ ငြိမ်းချမ်းသာယာသော အခြေအနေ ဖန်တီးရေးနှင့် အမျိုးသားညီညွတ် ရေးတို့သည် အနာဂတ် မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အခြေခံ လိုအပ်ချက်များဖြစ်သည်။ ထိုအခြေခံ လိုအပ်ချက်များအတွက်လည်း ပြည်သူနှင့် တပ်မတော် လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ကြပါမှ ရနိုင်ကောင်းပေသည်။
  • ပြည်သူ့တပ်မတော်သည် ပါတီနိုင်ငံရေး ကင်းရှင်းရမည် ဖြစ်သော်လည်း အမျိုးသားရေးနှင့် နိုင်ငံတိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းတို့တွင် မြန်မာ ပြည်သူတို့နှင့်အတူ အစဉ်အလာအရ လက်တွဲဆောင်ရွက်ခဲ့ကြစမြဲဖြစ်သည်။ ဒီမိုကရေစီ ဖက်ဒရယ် မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရာတွင်လည်း နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းများ၌ တပ်မတော်သည် ပြည်သူတို့နှင့်အတူ လက်တွဲပါဝင် သင့်သည်။

နိုင်ငံခြားရေး

  • နိုင်ငံတကာရေးရာနယ်ပယ်၌ ပြည်ထောင်စုမြန်မာနိုင်ငံသည် တစ်ခေတ်တစ်ခါက ထင်ရှားကျော်ကြားခဲ့ဖူးပါသည်။ ရပ်တည်ချက် အနေအထား မှန်ကန်သဖြင့် အရှေ့ အနောက် စစ်အုပ်စုကြီးများအကြား ယုံကြည်လေးစားခြင်း ခံရသည့်အတွက် မြန်မာ့ ကိုယ်စားလှယ် ဦးသန့်သည် တတိယမြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ဖြစ်ရပါသည်။
    ဝန်ကြီးချုပ်ဦးနုသည်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက် ကို ချမှတ်ကျင့်သုံးရာ၌ ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ခြင်း၊ ဘက်မလိုက် နိုင်ငံများ အင်အားစု ဖြစ်လာစေရန် ရှေ့တန်းခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်နိုင်ခဲ့ခြင်းတို့ ကြောင့် ကမ္ဘာ့နိုင်ငံများအကြားတွင် လူသိများ၍ ချစ်ခင်လေးစားခြင်း ခံခဲ့ရပါသည်။ ထိုနည်းတူပင် မြန်မာ့ဆိုရှယ်လစ် ခေါင်းဆောင်များဖြစ်သော ဦးဗဆွေ၊ ဦးကျော် ငြိမ်းတို့သည် အာရှတိုက် နိုင်ငံများရှိ ဆိုရှယ်လစ်ပါတီများကို စုစည်းခေါင်းဆောင်ကာ အာရှဆိုရှယ်လစ် အဖွဲ့ချုပ်ကြီးကို တည်ထောင်နိုင်ခဲ့ပါသည်။ ဤသို့ဖြင့် နိုင်ငံတကာ ရေးရာ၌ မြန်မာ့ခေါင်းဆောင်များသည် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ကြရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်ခဲ့ပါ၏။
  • နိုင်ငံတိုင်းသည် မိမိနိုင်ငံတော် အကျိုးရှိရေး ရည်မှန်းချက်များနှင့်အညီ နိုင်ငံ တကာနှင့် မိတ်ဝတ်မပျက် ဆက်ဆံပေါင်းသင်းရမြဲ ဖြစ်ပါသည်။ ထိုအခြေခံဖြင့် နိုင်ငံ ခြားရေး မူဝါဒများ ချမှတ်လိုက်နာ ဆောင်ရွက်ကြရမြဲဖြစ်သည်။ မိမိတို့ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို မထိခိုက်စေဘဲ အောက်ပါအခြေခံမူများနှင့် အညီ နိုင်ငံခြားရေး မူဝါဒကို လိုက်နာကျင့်သုံးမည် –

    (က) ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ ကုလသမဂ္ဂ၏ အခြေခံ မူဝါဒများ၊ နိုင်ငံတကာတွင် လိုက်နာကျင့်သုံးအပ်သော နိုင်ငံအချင်းချင်း ဆက်ဆံရေး ကျင့်ဝတ်များနှင့်အညီ ကမ္ဘာ့နိုင်ငံ အသီးသီးတို့နှင့် မိတ်ကောင်းဆွေကောင်း ပီသစွာ ဆက်ဆံပေါင်းသင်းရမည်။
    (ခ) နိုင်ငံတစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို အပြန်အလှန် လေးစားရေး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ လက်နက်ကိုင် ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရေး၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြား တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှု မပြုရေး၊ နိုင်ငံအချင်းချင်း တန်းတူရည် တူ ပေါင်းသင်းဆက်ဆံရေး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အကျိုးတူ ဖြစ်ထွန်းမှု ရှိစေရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဟူသော နိုင်ငံတကာ ဆက်ဆံရေးမူကြီး (၅) ချက်နှင့်အညီ လိုက်နာကျင့်သုံးမည်။
    (ဂ) နိုင်ငံတကာရေးရာတွင် မိမိနိုင်ငံ၏ အကျိုးကျေးဇူးကို မဆန့်ကျင်စေဘဲ မှန်ကန်သည့်ဘက်မှ နိုးကြားတက်ကြွ လွတ်လပ်စွာ ရပ်တည်မည်။
    (ဃ) နိုင်ငံတော်အတွက် အကျိုးကျေးဇူး ရှိစေမှုကို ဦးထိပ်ထားလျက် မိမိတို့၏ မူဝါဒရည်ရွယ်ချက်များနှင့် တူညီသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်။
    (င) ကုလသမဂ္ဂ အထူးအေဂျင်စီ အဖွဲ့အစည်းများ အပါအဝင် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်း စသည်တို့ထံမှ နိုင်ငံ၏ အကျိုးရှိမှုနှင့် ဂုဏ်သိက္ခာကို မထိခိုက်စေသော အကူအညီ အထောက်အပံ့များ ရရှိစေရန် ဆောင်ရွက်မည်။
    (စ) နှစ်ပြည့်တစ်ပြည် ဆက်ဆံရေး အခြေအနေနှင့် နှစ်ဦးနှစ်ဘက် အကျိုးရှိ စေမည့် အခြေခံမူများအရ အကူအညီ အထောက်အပံ့နှင့် နှစ်တိုနှစ်ရှည် ချေးငွေများ၊ ရင်းနှီးမြှပ်နှံမှုများ ရရှိရေးကိုလည်း ကြိုးပမ်းဆောင်ရွက်မည်။

ဆက်သွယ်ရန်

လိပ်စာ

အမှတ်(၅၄၉)၊ဝါဆိုလမ်းသွယ်(၄)လမ်း၊ ရွာမမြောက်ရပ်ကွက်၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။

ဖုန်း

09 5161173

အီးမေးလ်

fedraldemocraticpartyfdp@gmail.com